စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ခြင်း
လူတွေအားလုံးဟာ နေ့စဉ်ဘ၀မှာ စိတ်လှုပ်ရှားမှု တစ်မျိုမဟုတ်တစ်မျိုး ကြုံနေကြရတယ်။ တစ်ခါတလေ ပျော်တယ်။ တစ်ခါတလေ ၀မ်းနည်းစိတ်ပျက်ကြရတယ်။ ဒေါသဖြစ်ကြရတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ဟာ ခန္ဓာကိုယ်ရော စိတ်ပါ ပြောင်းလဲမှုအမြန်ဆုံးအချိန်ဖြစ်တယ်။ ဒီအရွယ်မှာ စိတ်ဆိုးတာ၊ ဒေါသဖြစ်တာ၊ ၀မ်းနည်းတာ၊ ရှက်တာစတဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းသိမ်းရတာ ခက်ခဲနိုင်တယ်။ ကိုယ့်စိတ်လှုပ်ရှားမှုကို ကိုယ်မထိန်းနိုင်ရင်တော့ မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာပြီး ကိုယ်ပဲစိတ်ညစ်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားမှုတွေကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာသိသွားရင်တော့ ကိုယ့်ကိုကိုယ် ကောင်းကောင်းထိန်းလာနိုင်မှာဖြစ်တယ်။ အဲဒီလို စိတ်လှုပ်ရှား မှုတွေကို ထိန်းတတ်လာရင် မင်းတို့မှာ အရည်အချင်းတစ်ခုတိုးလာမှာ ဖြစ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ပျော်ရွှင် ကျန်းမာခြင်းဟာ စိတ်လှုပ်ရှားခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေကို ကိုယ်ဘယ်လိုထိန်းသိမ်း ဖြေရှင်းတယ်ဆိုတဲ့ အပေါ်မှာ မူတည်နေတယ်။
စိတ်လှုပ်ရှားမှုတွေဖြစ်လာရင် တစ်နည်းနည်းနဲ့ တုံ့ပြန်ပြုမူတတ်ကြတာ သဘာဝဖြစ်တယ်။ ဘယ်လိုတုံ့ပြန်မှုဟာ စိတ်ကျန်းမာတဲ့အပြုအမူလဲ၊ ဘယ်လိုတုံ့ပြန်မှုကတော့ စိတ်မကျန်းမာတဲ့ အပြုအမူလဲဆိုတာ ခွဲခြားသိရမယ်။ ဒီလို သိထားရင် စိတ်မကျန်းမာတဲ့ အပြုအမူမျိုးနဲ့မတုံ့ပြန်မိအောင် ကိုယ့်ကိုယ်ကို ထိန်းနိုင်လာလိမ့်မယ်။ ကိုယ့်ရဲ့စိတ်လှုပ်ရှား မှုတွေကိုလည်း ကြုံတွေ့ရတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် တုံ့ပြန်ဖော်ပြတတ်လာမယ်။ ဒါဆိုရင် မကောင်းတဲ့ အကျိုး ဆက်တွေဖြစ်ပေါ်လာမှုဟာလဲ လျော့နည်းသွားလိမ့်မယ်။ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရတာ ခက်ခဲပေမဲ့ အနည်းနဲ့ အများ ထိန်းနိုင်လာမယ်ဆိုရင် မင်းတို့မှာ အရည်အချင်းတစ်ခုပိုရလာမှာဖြစ်တယ်။ စိတ်လှုပ်ရှားချိန်မှာ တစ်ဖက်လူနဲ့ ရင်ဆိုင် ပြောဆိုရမယ်ဆိုရင် အရင်ဆုံး စိတ်ကိုငြိမ်အောင် လျှော့ချထားရမယ်။ ရင်ဆိုင်ရမဲ့သူကို ရဲရဲရင်ဆိုင်ကြည့်ရမယ်။ ပြီးရင် မင်းပြောချင်တဲ့ခံစားချက်ကို လေသံငြိမ်ငြိမ်နဲ့ အပိုအလိုမရှိပြောနိုင်အောင် ကြိုးစားရမယ်။ နောက်ဆုံးနားထောင်ပေးတဲ့သူ ကို ကျေးဇူးတင်စကားပြောပါ။ ဒါ့ကြောင့် စိတ်လှုပ်ရှားခံစားမှုတွေဖြစ်လာပြီဆိုရင် အရင်ဆုံး စိတ်ကိုလျှော့ချ စဉ်းစားနိုင်ရမယ်။ ဒါမှ ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်လာလိမ့်မယ်။ ဒီလိုလေ့ကျင့်ရင်းနဲ့ ကိုယ့်ကိုကိုယ်စိတ်ကျန်းမာတဲ့ သူတွေဖြစ်အောင် လုပ်ရမယ်။