လိင်မှုဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း
လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှု/ ခြိမ်းခြောက်မှုများ (Sexual Harassment/Threats)
လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုဆိုသည်မှာ အဘယ်နည်း
  • လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုဆိုသည်မှာ ကျူးလွန်ခံရသူအား အရှက်တကွဲဖြစ်စေသော၊ ခြိမ်းခြောက်သော သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်သော ကာယကံရှင်မလိုလားသည့် တဏှာရာဂနှင့် ချည်းကပ်မှု၊ လိင်ပိုင်းဆိုင်ရာမျက်နှာသာပေးရန် တောင်းခံမှုနှင့် အခြားသော တဏှာရာဂနှင့် ပြောဆိုမှု သို့မဟုတ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်သည်။
  • ထိပါးစော်ကားသူတစ်ဦးသည် ထိပါးစော်ကားခံရသူအပေါ် သြဇာလွှမ်းမိုးနိုင်သူဖြစ်လေ့ရှိသော်လည်း အစဉ်အမြဲတော့မဟုတ်ပါ။
  • ကျူးလွန်သူသည် ခံရသူနှင့် သက်ရွယ်တူတစ်ဦးဖြစ်နိုင်ပါသည်။
  •  အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအပေါ် ကျူးလွန်ခြင်းဖြစ်နိုင်သလို ပြောင်းပြန်လည်း ဖြစ်နိုင်ပါသည်။ အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း ကျူးလွန်ခြင်းလည်း ဖြစ်နိုင်ပါသည်။
ယေဘုယျအားဖြင့် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုသည် နှစ်မျိုးနှစ်စား ရှိနိုင်ပါသည်။
  • အပေးအယူလုပ်ကာ ထိပါးခြင်း
  • ရန်လိုစွာ ထိပါးခြင်း
  • အပေးအယူလုပ်ကာ ထိပါးစော်ကားခြင်း - သြဇာအာဏာရှိသူမှ မိမိ၏အောက်လက်ငယ်သားအပေါ် အပေးအယူတစ်ခုခုဖြင့် မက်လုံးပေး၍ ထိပါးစော်ကားခြင်း
လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုပုံစံများ
၁။ ကျားမလူမှုရေးရာကို အခြေပြုကာ ထိပါးစော်ကားမှု - အမျိုးသမီး/အမျိုးသားများအပေါ် ခွဲခြားပြောဆိုဝေဖန်မှုများ
၂။ သွေးဆောင်ဖြားယောင်းမှုများ - လိင်ပိုင်းဆိုင်ရာအတွက် ကာယကံရှင်မလိုလားသည့် ထပ်တလဲလဲ ဖိတ်ခေါ်တောင်းဆိုမှုများ
၃။ ကာမဖြင့် လာဘ်ထိုးရန် တောင်းဆိုမှု - ဆုလာဘ်တစ်ခုခုရရှိမည်ဟု ကတိပေးကာ လိင်ပိုင်းဆိုင်ရာ အခွင့်အရေးရယူမှု
၎။ လိင်ပိုင်းဆိုင်ရာ အကြပ်ကိုင်မှု - မလိုက်လျောပါက အပြစ်ပေးမည်ဟု ခြိမ်းခြောက်ခြင်း
၅။ လိင်ပိုင်းဆိုင်ရာ အသားယူမှု - အတင်းအကြပ် ထိကိုင်ခြင်း (အလိုမတူဘဲ ကိုင်တွယ်ပွတ်သပ်ခြင်း ကဲ့သို့) 
 အခြားလိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများ
၁။ ညစ်ညမ်းသော ပစ္စည်းများကို တောင်းဆိုမှုမရှိဘဲ ပေးပို့ခြင်း နှင့်/သို့မဟုတ် မဖွယ်မရာ  စကားလုံးများပေးပို့ခြင်း၊
၂။ စိတ်မဝင်စားပါဟု ရှင်းရှင်းလင်းလင်းပြောထားပြီးဖြစ်သော သူထံ အီးမေးလ်များပို့ခြင်း (သို့မဟုတ်)ဖုန်းမက်ဆေ့ခ်ျများ ထပ်တလဲလဲပေးပို့ခြင်း
၃။ စိတ်မ၀င်စားကြောင်းပြသကာ ဆက်မလုပ်ရန် တောင်းပန်ထားသူတစ်ဦးအား လိင်ပိုင်းဆိုင်ရာကိစ္စများ ပြောဆိုမှုအား ပုံမှန်ပြုလုပ်နေခြင်းတို့ ပါဝင်ပါသည်။
သင်သည် လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရပါက ဘာလုပ်မည်နည်း။
  • ဦးစွာ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ထံတွင် အပြစ်လုံးဝမရှိပါ။
  • သင်၏ အလိုလိုသိစိတ်ကို ယုံကြည်ကာ ခြိမ်းခြောက်မှုများကို အလေးအနက်ထားပါ။ လူတစ်ဦးနှင့် (သို့မဟုတ်) ပတ်ဝန်းကျင်တစ်ခုတွင် လုံခြုံမှုမရှိဟု ခံစားရပါက များသောအားဖြင့် သင်သည် အမှန်တကယ် လုံခြုံမှု မရှိနိုင်ပါ။
  • သက်သေအထောက်အထားများနှင့် မှတ်တမ်းများ ထားရှိပါ။ ပြောဆိုချက်များ၊ နေရာနှင့် အချိန်ကို ချရေးထားပါ။ အီးမေးလ်များနှင့် ဖုန်းမက်ဆေ့ခ်ျများကို သိမ်းထားပါ။ သက်သေရှိပါက ထိုသက်သေများနှင့် အဆက်အသွယ် မပြတ်ပါစေနှင့် သို့မဟုတ် ယုံကြည်စိတ်ချရသည့် မိတ်ဆွေတစ်ဦးအား မျက်မြင်သက်သေအဖြစ် ဖြစ်ရပ်အချို့ကို စောင့်ကြည့်ခိုင်းပါ။
  • ယုံကြည်စိတ်ချရသော မိတ်ဆွေ၊ လုပ် ဖော်ကိုင်ဖက် နှင့်/သို့ နှစ်သိမ့်ဆွေးနွေးပေးသူကို ရှာဖွေ၍ပြောပြပါ။
  • လိုအပ်ပါက ဘေးကင်းလုံခြုံရေးအစီအစဉ်တစ်ခုကို ရေးဆွဲပါ။
  • ပထမအစီအစဉ် အဆင်မပြေလျှင် ပြုလုပ်နိုင်ရန်
  • အလုပ်ခွင်၊ ကျောင်း သို့မဟုတ် အိမ်တွင်ဖြစ်ပါက အထက်အဆင့်သို့ သို့မဟုတ် ရဲသို့ သတင်းပို့ရန် စဉ်းစားပါ။ ရဲအစောင့်အရှောက်ကို ရယူရန်လည်း စဉ်းစားပါ။