ကျားမရေးရာ အခန်းကဏ္ဍနှင့် ပုံသေသတ်မှတ်ချက်များ

ကျား၊မရေးရာလူမှုကများနှင့် ပုံသေသတ်မှတ်ချက်များမှာ အဘယ်နည်း။

လူမှုအဖွဲ့အစည်းတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုအရ အစဉ်အမြဲ လုပ်ဆောင်နေကျအတိုင်း စွဲကိုင်ထားသည့် အတွေးအခေါ်များ၊ တန်ဖိုး ထားမှုများနှင့် စံသတ်မှတ်ချက်များ ရှိကြပါသည်။ ထိုအတွေးအခေါ်များသည် များသောအားဖြင့် လူမှုအဖွဲ့အစည်းအတွင်း လူများ နေထိုင်ပုံ၊ လှုပ်ရှားသွားလာပုံ၊  ဝတ်စားဆင်ယင်ပုံ၊ မိမိကိုယ်မိမိ ဖော်ပြပြောဆိုပုံ၊ ပြုမူဆောင်ရွက်ပုံနှင့် အချို့သော ကိစ္စရပ်များအပေါ် တွေးခေါ်ပုံများအား ပြဋ္ဌာန်းပေးတတ်ပါသည်။ ယင်းတန်ဖိုးထားမှုများနှင့် စံသတ်မှတ်ချက်များကို လူ့ပတ်ဝန်းကျင်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်သော်လည်း မပြောင်းလဲလိုဘဲ တရားသေစွဲကိုင်ထားခြင်းဖြစ်သည်။

ကျား၊မလူမှုရေးရာ ကများနှင့်စံသတ်မှတ်ချက်များ။

ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းတွင် ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့် တန်ဖိုးထားသည့် စံသတ်မှတ်ချက်များ ရှိပါသည်။ လူမှုအသိုင်းအဝိုင်း၏သတ်မှတ်ချက်အရ မည်သည်ကိုလက်ခံနိုင်သည်သို့မဟုတ် လက်မခံနိုင်သည်ဟူ၍ ကျွနိုပ်တို့သိရှိကြသည်။ ယင်းကို လူဘောင်အဖွဲ့အစည်း၏ ကျင့်ဝတ်စည်းကမ်းဟု ခေါ်ဆိုနိုင်ပါသည်။ ဥပမာ- သင်သည်  လက်တစ်ဖက်ထဲဖြင့်ပစ္စည်းလှမ်းယူခြင်းအား ရိုင်းစိုင်းသည်ဟု ယူဆခံရနိုင်ပါသည်။ ထိုနည်းတူ လူ့ဘောင်အဖွဲ့အစည်း၏ ကျင့်ဝတ်စည်းကမ်းအရ ယောက်ျား သို့မဟုတ် မိန်းမ ဖြစ်နေမှု ပေါ်မူတည်ကာ မည်သို့မည်ပုံ ပြုမူ၊ ပြောဆို၊ ဝတ်စား၊ ပြင်ဆင်ထုံးဖွဲ့နေထိုင်လိမ့်မည် ဆိုသည်ကို မျှော်လင့်ကြပါသည်။

ဥပမာ - အမျိုးသမီးများသည် သိမ်မွေ့ညင်သာစွာနေထိုင်ရမည်ဟု မျှော်လင့်ထားကြပြီး အမျိုးသားများကိုမူ ကျားကျားလျားလျားနှင့် သတ္တိရှိရမည်ဟု မျှော်လင့်ပါသည်။