ကလာမိုင်းဒီးယားအတွက်ကုသရန်ဆေးရှိပါသလား။

ကလာမိုင်းဒီးယားသည် များသောအားဖြင့် ပျောက်ကင်းအောင်ကုသရန်လွယ်ကူပါသည်။ သင်၏သူနာပြု သို့မဟုတ် ဆရာဝန်က သင့်အားပဋိဇီဝဆေးပေးကာ ကုသပေးနိုင်ပါသည်။ သင့်အတွက် အကောင်းဆုံးဖြစ်မည့် ကုသမှုအား ရွေးချယ်နိုင်အောင် သင့်ဆရာဝန်က ကူညီပါလိမ့်မည်။

သင်သည် ကလာမိုင်းဒီးယားအတွက် ကုသမှုခံယူလျှင် သင်၏လိင်ဆက်ဆံဖော်ကိုလည်း ကုသမှုခံယူစေရန် အရေးကြီးပါသည်။ ထိုသို့မဟုတ်ပါက သင်သည်ရောဂါပြန်ကူးခြင်း သို့မဟုတ် အခြားသူများထံသို့ ထပ်မံပြန့်နှံစေခြင်းများ ဖြစ်စေနိုင်ပါသည်။

ကလာမိုင်းဒီးယားအတွက် ဆေးကုသမှုခံယူနေပါက -

  • ရောဂါလက္ခဏာများ ပျောက်သွားပြီဆိုလျှင်ပင် သင်၏ဆေးများအားလုံးကို ဆရာဝန်ပြောသည့်အတိုင်း ဆက်သောက်ပါ။ ပဋိဇီဝဆေးများကို ပြီးဆုံးအောင်မသောက်ပါက ရောဂါပိုးသည် သင့်ခန္ဓာကိုယ်တွင်း ကျန်နေလိမ့်မည်။
  • သင်၏အဖော်(များ)သည်လည်း ကလာမိုင်းဒီးယားကို ကုသမှုခံယူသင့်သည်။ ထို့ကြောင့် သင်တို့အချင်းချင်း သို့မဟုတ် အခြားသူများထံသို့ ရောဂါပြန်မကူးနိုင်တော့ပါ။
  • လိင်ဆက်ဆံမှုကို (၇)ရက်ရှောင်ကြဉ်ပါ။
  • သင်သည်ဆေးကို (၁)ကြိမ်တည်းသောက်ပါက ဆေးသောက်ပြီးနောက် လိင်ဆက်ဆံမှုပြုရန်၇ရက်စောင့်ပါ။ သင်သည် ဆေးကို(၇)ရက်သောက်ပါက ဆေးလုံးများအားလုံး ကုန်အောင်သောက်ပြီးမှသာ လိင်ဆက်ဆံမှုပြုပါ။
  • သင့်ဆေးများကို အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ သင်၏ဆရာဝန်က သင့်အဖော်အတွက် ပဋိဇီဝဆေးသီးသန့် ထပ်ပေးပါလိမ့်မည်။ သင်တို့နှစ်ယောက်စလုံး မိမိရသည့်ဆေးများအားလုံးက မိမိကိုယ်တိုင် သောက်ကြောင်း သေချာပါစေ။

ကလာမိုင်းဒီးယားသည် စောစီးစွာသိရှိကာ ဆေးကုသမှုခံယူခြင်းမရှိလျှင်မူ ကြီးမားသည့်ကိစ္စတစ်ခု ဖြစ်လာနိုင်ပါသည်။ ကလာမိုင်းဒီးယားသည် သင်၏သားအိမ်နှင့်သားဥပြွန်များသို့ ပြန့်နှံ့သွားနိုင်ပြီး ၀မ်းတွင်းခေါင်းအောက်ပိုင်း ရောင်ရမ်းသည့်ဝေဒနာ (pelvic inflammatory disease - PID) ကိုဖြစ်စေကာ ထိုရောဂါကြောင နာကျင်ခြင်း၊ မြုံခြင်း သို့မဟုတ် သားအိမ်ပြင်ပသန္ဓေတည်ခြင်း တို့ဖြစ်နိုင်ပါသည်။ သင်သည်အမျိုးသားဖြစ်လျှင် ကလာမိုင်းဒီးယားသည် သုက်ပို့ပြွန် (ဝှေးစေ့မှသုက်ပိုးများကို သယ်ဆောင်ပေးသောပြွန်) သို့ ပြန့်နှံ့သွားနိုင်ပြီး နာတာရှည်အဆစ်အမြစ်နာရောဂါလည်း ရရှိနိုင်ပါသည်။ ဖြစ်ခဲသော်လည်း သင်သည်မြုံသွားနိုင်ပါသည်။ ကလာမိုင်းဒီးယားရှိနေခြင်းဖြင့် AIDSဖြစ်စေသော HIVဗိုင်းရပ်စ်ကူးစက်ခံရကာ ပြန့်ပွားနိုင်ခြေတိုးပွားလာပါသည်။

အမျိုးသမီးများ - သင်တို့တွင် ကိုယ်ဝန်ဆောင်စဉ် ကလာမိုင်းဒီးယားရောဂါရှိလျက်နှင့် မကုသဘဲနေပါက ကလေးမီးဖွား ချိန်တွင် သင့်ကလေးထံသို့ ကူးစက်သွားနိုင်ပါသည်။ ကလာမိုင်းဒီးယားသည် မွေးကင်းစကလေးတွင် မျက်လုံးတွင်း ရောဂါပိုးဝင်ခြင်းနှင့် နမိုးနီးယားရောဂါတို့ကို ဖြစ်စေနိုင်ပြီး လမစေ့မီမွေးဖွားခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။