အရေးပေါ် သားဆက်ခြားသောက်ဆေး

  • အရေးပေါ်သားဆက်ခြားရန်အတွက်သာ ဖြစ်သည်။ နေ့စဉ်သောက်ရသည့် သားဆက်ခြားဆေးမျိုးမဟုတ်ပါ။
  • သားဆက်ခြားဆေးမသုံးထားပဲ လိင်ဆက်ဆံပြီးနောက် (၅) ရက် အတွင်း သောက်နိုင်သည်။ ပထမ (၃)ရက်အတွင်း သောက်ပါက ပို၍ထိရောက်နိုင်သည်။ စောနိုင်သမျှစောစော သောက်သင့်ပါ သည်။
  • ရှိပြီးသား ကိုယ်ဝန်ကို မထိခိုက်ပါ။
  • ဆေးသောက်ပြီးမှဖြစ်ခဲ့သော လိင်ဆက်ဆံမှုမှကိုယ်ဝန်ရရှိခြင်းကို မကာကွယ်ပါ။
  • အရေးပေါ်ဆေးသုံးပြီးသည်နှင့် ပုံမှန်အမြဲသုံးမည့် သားဆက်ခြားနည်းကို တစ်ပြိုင်နက်စသုံးပါ။
  • အမျိုးသမီးအားလုံး သုံးနိုင်သည်။ သောက်သုံးရန် မသင့်သောသူ မရှိပါ။

အသုံးပြုပုံ

  • အရေးပေါ်သားဆက်ခြားဆေးနှစ်လုံးကို တပြိုင်တည်း (သို့မဟုတ်)တစ်လုံးစီကို (၁၂) နာရီခြားနှစ်ကြိမ်ခွဲကာ သောက်နိုင်ပါသည်။ မကြာခဏသောက်မည်ဆိုပါက ဆိုးကျိုးများစွာ ရရှိနိုင်သည်။
  • ဘေးထွက်ဆိုးကျိုးများစေသောကြောင့် ပုံမှန် သားဆက်ခြားဆေးအနေနှင့် မသုံးသင့်ပါ။

ကောင်းကျိုးများ

  • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ရရှိလာနိုင်သော မလိုလားသော ကိုယ်ဝန်ဆောင်ရခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ရှောင်ရှားနိုင်သည်။
  • ဆေးဆိုင်၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် ရရှိနိုင်သည်။

မကောင်းကျိုးများ

  • ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးမော်ခြင်း၊ ဗိုက်နာခြင်း၊ ရင်သား တင်းခြင်း စသည့် ခံစားမှုများ အနည်းငယ်ဖြစ်တတ်သည်။
  • ဆေးသောက်ပြီး တစ်ရက် နှစ်ရက်အတွင်း ရာသီသွေးအနည်းငယ်ဆင်းတတ်သည် (သို့မဟုတ်) ရာသီလာမည့်ရက် ပြောင်းသွားတတ်ပါသည်။