ဒွိလိင် (intersex) ဆိုသည်မှာ အဘယ်နည်း။

               ဒွိလိင်ဆိုသည်မှာ လူတစ်ဦးသည် ကျားနှင့်မအင်္ဂါနှစ်မျိုးစလုံးနှင့်ပေါင်းစပ်မွေးဖွားလာခြင်းဖြစ်ပါသည်။ 

                ဒွိလိင်သည် သဘာဝအလျောက် လူသားများတွင် ဖြစ်ပေါ်နိုင်သော မျိုးကွဲတစ်ခုဖြစ်ပြီး ကျန်းမာရေးပြဿနာတစ်ရပ် မဟုတ်ပါ။ ဒွိလိင်သည် လူအများစုသိရှိထားသည်ထက် ပိုမို အတွေ့ရများ သော လူသားမျိုးကွဲတစ်ခု ဖြစ်ပါသည်။

               ဒွိလိင်တွင်ပင် အမျိုးအစားအများအပြား ရှိပါသည်။ အချို့တွင် ပြင်ပလိင်အင်္ဂါနှင့် ကိုယ်တွင်းလိင်အင်္ဂါနှစ်မျိုးလုံးပါရှိနေပါသည်။ ဥပမာ - သားဥအိမ်နှင့်  ဝှေးစေ့တစ်ရှုး နှစ်မျိုးစလုံးပါဝင်နေခြင်း မျိုး။အချို့တွင်ကျား(XY )၊ မ (XX )ခွဲခြားပေးသော ခရိုမိုဆုန်းများ ပုံမှန်မဟုတ်ဘဲ ပါဝင်နေခြင်းဖြစ်သည်။ ဥပမာ- XXY ကဲ့သို့ ခရိုမိုဆုန်းများ ပါဝင်နေပါသည်။

လူတစ်ဦးသည် ဒွိလိင်အဖြစ် မွေးဖွားလာသောအခါ ဘာဖြစ်လာနိုင်သနည်း။

                 ကလေးတစ်ဦးသည် ဒွိလိင်အဖြစ် မွေးဖွားလာပါက ဆရာဝန်များနှင့် မိသားစုများက ကျား သို့မဟုတ် မ တစ်မျိုးမျိုး အဖြစ် သတ်မှတ်လိုက်ကာ ထိုကလေးအား ထိုအတိုင်း ပြုစုပျိုးထောင်ကြပါသည်။

                 ဒွိလိင်အဖြစ် မွေးဖွားလာသော ကလေးတစ်ဦးအား လိင်နှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေး ပြောဆိုမှုများကို ကလေး၏ ဘ၀တစ်လျှောက်လုံး ပြုလုပ်ပေးသွားရန် အလွန်အရေးကြီး ပါသည်။ သို့မှသာ ထိုကလေးသည် မှန်ကန်ကိုက်ညီသော လိင်ပိုင်းဆိုင်ရာ ကိုယ်ပိုင်လက္ခဏာနှင့် မိမိခန္ဓာကိုယ်၏ ပုံရိပ်အား ပျိုးထောင်နိုင်မည်ဖြစ်ပါသည်။

                 ဒွိလိင်အင်္ဂါဇာတ်များနှင့် မွေးဖွားလာသူများအား မွေးကတည်းက ဒွိလိင်များအဖြစ် သတ်မှတ်သိရှိနိုင်ပါသည်။ မ (သို့ ) ကျား လိင်အင်္ဂါဇာတ်တစ်မျိုးမျိုးနှင့် ပိုမို နီးစပ်တူညီသော အင်္ဂါဇာတ်များနှင့် မွေးဖွားလာသူများမှာမူ လူပျိုဖော်အပျိုဖော် ၀င်ချိန်ကဲ့သို့ နောက်ပိုင်းအသက်အရွယ်ရလာသော အချိန်အထိ ၎င်းတို့ကိုယ် ၎င်းတို့ ဒွိလိင်ဟု မသိရှိကြပါ။ တစ်ခါတစ်ရံတွင် လူတစ်ဦးသည် ဘဝတစ်လျှောက်လုံး ဒွိလိင်မှန်းမသိဘဲ ရှင်သန်နေထိုင်သွားသည်လည်း ရှိပါသည်။