ရင်းနှီးကျွမ်းဝင်သူမှအကြမ်းဖက်ခြင်း
ရင်းနှီးသောအဖော်မှ အကြမ်းဖက်မှု (Intimate Partner Violence)- ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းမှ ကျူးလွန်သော အကြမ်းဖက်မှု ဖြစ်ပါသည်။ ဥပမာ - သမီးရည်းစား ချိန်းတွေ့စဉ် ချစ်သူကောင်လေးမှ အဓမ္မပြုကျင့်ပြီး ထိုကိစ္စအား ရဲမတိုင်လိုသည့်အတွက် လက်ထပ်လိုက်ခြင်း။ နောက်ထပ်ဥပမာတစ်ခုမှာ ခင်ပွန်းဟောင်းမှ အိမ်လာကာ လိင်ဆက်ဆံမှုပြုရန် အတင်းအကြပ်တောင်းဆိုခြင်းခံရပြီး ထိုကိစ္စအား ရဲမတိုင်လိုခြင်း။ ရင်းနှီးသော အဖော်မှ အကြမ်းဖက်ခြင်းသည် များသောအားဖြင့် သတင်းပို့တိုင်ကြားမှု နည်းပါးသော ကျားမကွဲပြားမှုအခြေပြုအကြမ်းဖက်မှု ပုံစံများထဲမှ တစ်ခုဖြစ်ပါသည်။
သင်သည်စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံစားနေရပါသလား။
သင်၏ အတွင်းစိတ်အတွေးများနှင့် ခံစားချက်များ
   သင်သည် -
  • သင်အား နာကျင်စေခြင်း (သို့မဟုတ်) ကောင်းစွာမဆက်ဆံခြင်းများသည် သင်နှင့် ထိုက်တန်သည်ဟု ယုံကြည်ခံစားနေရပါသလား။
  • ငါ ရူးနေတာလားဟု တွေးမိနေပါသလား။
  • မည်သည့် စိတ်ခံစားချက်မျှ မရှိဘဲ ထုံနေခြင်း (သို့မဟုတ်) ကူရာကယ်ရာမဲ့သကဲ့သို့ ခံစားနေရပါသလား။
သင့်အဖော်၏ သင့်အား သေးသိမ်စေသော အပြုအမူများ
သင်၏ အဖော်သည်
  • သင့်အား အရှက်တကွဲဖြစ်စေပါသလား (သို့မဟုတ် ) အော်ဟစ်ငေါက်ငမ်းပါသလား။
  • သင့်အား ဝေဖန်နှိမ့်ချနေပါသလား။
  • သင့်အား ဆက်ဆံပုံများမှာ ဆိုးရွားလှသည့်အတွက် မိတ်ဆွေသူငယ်ချင်းနှင့် မိသားစုများ ရှေ့တွင် ကသိကအောက်ဖြစ်ရပါသလား။
  • သင်၏ အမြင်များ (သို့မဟုတ်) စွမ်းဆောင်အောင်မြင်မှုများကို လျှစ်လျှူရှု (သို့မဟုတ် ) နှိမ့်ချနေပါသလား။
  • သူ၏ အနိုင်အထက်ပြုမှုများအတွက် အပြစ်ရှိသူသည် သင်ဖြစ်သည်ဟု ပြောဆိုနေပါသလား။
  • သင့်အား လူတစ်ဦးထက် သူပိုင်ပစ္စည်းတစ်ခု (သို့မဟုတ်) လိင်မှုကိစ္စအတွက် အသုံးပြုသည့် ပစ္စည်းတစ်ခုအဖြစ် ရှုမြင်နေပါသလား။
သင့်အဖော်၏ အကြမ်းဖက်သော အပြုအမူများ သို့မဟုတ် ခြိမ်းခြောက်မှုများ
သင်၏ အဖော်သည် -
  • အလွန်ဒေါသကြီးပြီး မည်သည့်အချိန် ဒေါသထွက်မည်ဆိုသည်ကို မခန့်မှန်းနိုင် ဖြစ်နေပါသလား။
  • သင့်အား နာကျင်ထိခိုက်အောင် ပြုလုပ်နေပါသလား။ (သို့မဟုတ်) နာကျင်အောင်လုပ်မည် (သို့မဟုတ် ) သတ်ပစ်မည်ဟု ခြိမ်းခြောက်ပါသလား။
  • သင့်ကလေးများအား ခေါ်သွားမည် သို့မဟုတ် အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်နေပါသလား။
  • သင်ထွက်သွားလျှင် သူ့ကိုယ်သူ သတ်သေမည်ဟု ခြိမ်းခြောက်နေပါသလား။
  • လိင်ဆက်ဆံမှုပြုရန် သင့်အား အတင်းအကြပ်တောင်းဆိုပါသလား။
  • သင်၏ ပိုင်ဆိုင်မှုများကို ဖျက်ဆီးပစ်ပါသလား။
သင့်အဖော်၏ ထိန်းချုပ်ခြယ်လှယ်သည့် အပြုအမူများ
သင့်အဖော်သည် -
  • အလွန်အမင်း သဝန်တိုကာ ပိုင်စိုးပိုင်နင်း ပြုမူပါသလား။
  • သင် ဘယ်သွားမည် သို့မဟုတ် ဘာလုပ်မည်ဆိုသည်များကို ချုပ်ချယ်တားမြစ်နေပါသလား။
  • သင်၏ မိတ်ဆွေသူငယ်ချင်း (သို့မဟုတ်) မိသားစုများအား တွေ့ခွင့်မပေးဘဲ ထားပါသလား။
  • သင့်အား ငွေ၊ ဖုန်း သို့မဟုတ် ကားအသုံးပြုခွင့်များကို ကန့်သတ်ပိတ် ပင်ထားပါသလား။
  • သင့်အား တစ်ချိန်လုံး စစ်ဆေးနေပါသလား။
သင့်အားစိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရလျှင် သင်ဘာလုပ်မည်နည်း။
  • နှစ်သိမ့်ဆွေးနွေးပေးသူ/ကျန်းမာရေးဝန်ထမ်း/ ယုံကြည်အားထားနိုင်သည့် ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်အား အဖြစ်အပျက် (များ) ကို ရှာဖွေပြီးဖွင့်ပြောပြပါ။
  • ဘေးကင်းလုံခြုံမည့် နည်းလမ်းများကို ရှာဖွေပါ။
  • ကူညီပံ့ပိုးပေးနေသည့် အဖွဲ့များ၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ နားခိုရာနေရာတို့ကို ရှာဖွေဆက်သွယ်ပါ။ (၀၆၇-၄၀၄၂၂၂၊ ၀၆၇-၄၀၄၉၉၉)
  • မိမိ၏ အတွေ့အကြုံများအား မျှဝေပြောပြခြင်းသည် နာကျင်မှုများကို သက်သာစေရန် သေချာပေါက် အထောက်အကူဖြစ်ပါသည်။