အမေးများသော မေးခွန်းများ

Q:သန္ဓေတားဆေးဝါး ပစ္စည်းများကို ဘယ်မှာရနိုင်မလဲ

A: ကွန်ဒုံးများကို ဆေးဆိုင်တွင် ရနိုင်သည်။ အခြားနည်းလမ်း အသုံးပြုလိုပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန် ၊ သူနာပြု၊ သားဖွားဆရာမ) တို့ နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

Q: စိတ်ချရတဲ့ သန္ဓေတားဆေးတွေကဘာတွေလဲ။ ဘယ်သားဆက်ခြားနည်းက အကောင်းဆုံးလဲ။

A: သားဆက်ခြားနည်းလမ်း ရွေးချယ်ဖို့အတွက် တတ်ကျွမ်းနားလည်သော ဆရာဝန်၊သူနာပြု၊ သားဖွားဆရာမများနှင့် တိုင်ပင်ပြီး အသုံးပြုမည့်သူကိုယ်တိုင်က မိမိအတွက် အသင့်တော်ဆုံး၊ လိုအပ်ချက်နှင့် အကိုက်ညီဆုံးကို ရွေးချယ်ဆုံးဖြတ်ပြီး စနစ်တကျ၊ မှန်မှန်ကန်ကန် သုံးစွဲရန်လိုပါတယ်။

Q: တားဆေးသုံးလျှင် ဝတာ ဘာကြောင့်လဲ။ မဝအောင်ဘယ်လိုလုပ်ရမလဲ။

A: တားဆေးတွင်ပါသော ဟော်မုန်းများရဲ့အာနိသင်ကြောင့် ဖြစ်နိုင်ပါသည်။ မည်သည့်နည်းလမ်းကိုမဆို စနစ်တကျ တိုင်ပင်ပြီးမှသုံးစွဲလျှင် အန္တရာယ်နည်းပါသည်။ မ၀အောင်တော့အစားအသောက် အနေအထိုင်နဲ့ထိန်းလို့ရပါတယ်။ အဆီအဆိမ့်နှင့် အငန်လျှော့စားပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရပါမည်။

Q: တားဆေးသုံးရဲ့သားနဲ့ ကလေးရသွားတာ ရှိသလား။ ဘယ်လောက်စိတ်ချရလဲ။

A: ရှိနိုင်ပါတယ်။ သားဆက်ခြားသောက်ဆေးကို စနစ်တကျ သောက်သုံးပါက ၉၅ မှ ၉၈ % ထိ အကျိုးသက်ရောက်မှု ရှိပါတယ်။

Q:  တားဆေးသုံးတာများရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။

A: အဝလွန်ခြင်း၊ ဓမ္မတာမမှန်ခြင်း/နည်းခြင်း/ များခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်နိုင်ပါသည်။ ဟောမုန်းပါဆေးဝါးများဖြစ်သည့်အတွက် နားလည်တတ်ကျွမ်းသူ (ကျန်မာရေးဝန်ထမ်း) ၏ ဆွေးနွေးလမ်းညွှန်မှုအရသာ သုံးစွဲ သင့်ပါတယ်။

Q: ကိုယ်ဝန်ရှိပြီးမှ တားဆေးသောက်ရင်ဘာဖြစ်နိုင်လဲ။

A: ဘာမှမဖြစ်နိုင်ပါ။ သို့သော် တားဆေးများ မသောက်မီ ကိုယ်ဝန်မရှိကြောင်း သေချာအောင် အရင်ပြုလုပ်သင့်ပါတယ်။

Q: သုံးလခံထိုးဆေးသုံးလျက် ကိုယ်ဝန် ဘာလို့ရတာလဲ။ ဆိုးကျိုးရှိလျှင် ဘယ်လို လုပ်ရမလဲ။

A: သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ အရည်အသွေး မပြည့်မီသောဆေးများ ဖြစ်၍သော်လည်းကောင်း၊ နည်းစနစ်မှန်ကန်စွာ မသုံးစွဲခြင်း (ရက်ပျက်ခြင်း၊ ရက်ကျော်ခြင်း)တို့ကြောင့် ဖြစ်နိုင်ပါတယ်။ 

Q: အရေးပေါ် သားဆက်ခြားဆေးများ မှာ ဟော်မုန်းဓါတ် ဘယ်လောက်ပါသလဲ။

A: ဆေးအမျိုးအစားပေါ်တွင်မူတည်ပါသည် ပောာ်မုန်း နှစ်မျိုးပါသော ဆေး များ၏ပောာ်မုန်းပမာဏ သည်  သာမန် ဆေးကဒ်တွင်ပါသော ဆေးကဒ်  ထက် ၃ဆ ၄ဆ များပြီး  ပောာ်မုန်း ၁မျိုးပါသောသောက်ဆေးသည် သာမာန်နေ့စဉ်သောက်ဆေးထက် အဆ (၃၀ ၊၄၀) ပိုများပါသည်။

Q: အရေးပေါ်သန္ဓေတားဆေးကဒ်ကို အလွယ်တကူ ဝယ်လို့ရလား၊ ဈေးပေါလား၊ လူတိုင်းကို ရောင်းလား။

A: အရေးပေါ်သန္ဓေတားဆေးကဒ်ကို လူတိုင်းအလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

Q: အရေးပေါ်သန္ဓေတားဆေးကဒ်ကို ခဏခဏသုံးရင် ဆေးပြီးတယ်ဆိုတာ ဟုတ်ပါသလား။

A: အရေးပေါ်သန္ဓေတားဆေးကဒ်ကို ခဏခဏမသုံးစွဲသင့်ပါ။ ဟော်မုန်းပါသော ဆေးများ ဖြစ်သည့်အတွက် လိုအပ်သည်ထက် မကြာခဏ သုံးစွဲလျှင် ဆိုးကျိုးရှိပါတယ်။

Q: သားအိမ်တွင်းထည့်ပစ္စည်းက စိတ်ချရလား။
A: သားအိမ်တွင်းထည့်ပစ္စည်းသည် ကျွမ်းကျင်သူနှင့် ထည့်ထားခြင်းဖြစ်ပါက သားဆက်ခြားရန်အတွက် ရေရှည်စိတ်ချရပါသည်။ 

Q: သားကြောဖြတ်ပြီး ပုံမှန်လိင်ဆက်ဆံလို့ရလား။ သားကြောဖြတ်ပြီးရင်ရော ကလေးပြန်ရနိုင် လား။

A: အမျိုးသမီးသားကြောဖြတ်ပြီး ပုံမှန်လိင်ဆက်ဆံလို့ ရပါတယ်။ ရာသက်ပန်နည်းဖြစ်သော်လည်း ဥပြွန်လမ်းကြောင်းများ ဆက်သွားနိုင်ပြီး ကလေးရနိုင်ပါသည်။ အလွန့်အလွန်ရှားပါသည်။

Q: လိင်ဆက်ဆံပြီး သုတ်ရည်မထွက်ခင် လိင်ဆက်ဆံခြင်းရပ်ပြီး အပြင်မှာထုတ်ရင် ကိုယ်ဝန် ရနိုင်ပါသလား။

A: ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။ (၅) ဦးလျှင် တစ်ဦးခန့်မှာ မလိုလားသော ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။

Q:ခေတ်မီသားဆက်ခြားနည်းလမ်းနဲ့ သမရိုးကျနည်းလမ်း ထိရောက်မှု ကွာခြားနေသည့် အခါမျိုးမှာ သမရိုးကျနည်းလမ်းကိုပဲ အသုံးပြုနေကြတဲ့သူတွေကို နားလည်အောင် ဘယ်လိုရှင်းပြရမှာလဲ။

A: သမရိုးကျနည်းလမ်းတွေဟာ စနစ်တကျစမ်းသပ်ထားတာတွေ မရှိပါ။ ခေတ်မီသားဆက်ခြားနည်းလမ်းကတော့ သုတေသနပြု စမ်းသပ်ထားပြီး ထိရောက်မှုရှိကြောင်း တစ်ကမ္ဘာလုံးက လက်ခံထားပါတယ်။

Q: တားဆေးစားတဲ့အတွက် နို့အထွက်နည်းရင် ဘယ်လိုပြန်လုပ်ရမလဲ။ ဆေးရပ်ရမှာလား၊ ဘယ်လိုလုပ်ရမလဲ။

A: (၆) လအောက် နို့တိုက်နေသောမိခင်သည် ဟော်မုန်းနှစ်မျိုးပါသော သားဆက်ခြား သောက်ဆေး မသုံးသင့်ပါ။ အခြားသင့်တော် သောနည်းလမ်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ပြီး သုံးပါ။

Q: သန္ဓေသားဟာ ယောက်ျားလေး၊ မိန်းကလေး ဘာကြောင့် ကွဲပြားလာပါသလဲ။

A: မိခင်ရဲ့ သားဥနဲ့တွေ့တဲ့ ဖခင်ရဲ့သုတ်ပိုးမှာ ပါတဲ့ ဗီဇအမျိုးအစားပေါ် မူတည်ပြီး ယောကျာ်းလေး၊ မိန်းကလေး ကွဲပြားလာပါတယ်။

Q:သားကြောဖြတ်ပြီး ရာသီဘယ်လိုလာမလဲ။

A: ပုံမှန်အတိုင်းဘဲ ရာသီလာပါမည်။

Q:အမျိုးသမီးများဟာ သားဆက်ခြားဆေး (နေ့စဉ်သောက်ဆေးကဒ်) စားခဲ့ရင် အချို့မှာ အသားအရည် မွဲခြောက်ပြီး အဖုများ(ဝက်ခြံ)ထွက်လာပြီး အချို့မှာတော့ စိုပြေဝင်းပလာပြီး အသားချောလှ လာတတ်ကြပါတယ်။ ဘယ်လိုကွာခြားမှု ကြောင့်ပါလဲ။

A:ဆေးတွင်ပါသော ပောာ်မုန်း၂မျိုးကို မိမိခန္ခာကိုယ်မှတုန့်ပြန်မှု အပေါ်တွင်မူတည်ပါသည်။

Q:နေ့စဉ်သောက် ဆေးကဒ်ကို တီဘီဆေးသောက်နေတဲ့ အမျိုးသမီးများ မသုံးစွဲသင့်သည့် အကြောင်း အတိအကျ သိလိုပါတယ်။

A:တီဘီဆေးက သားဆက်ခြား ဟော်မုန်း အာနိသင်ကို လျော့ကျစေတယ်၊ တစ်ခြား ထိရောက်သော၊ ဟော်မုန်းမပါသော သားဆက်ခြားနည်းလမ်းကို သုံးသင့်ပါတယ်။