လိင်အင်္ဂါကြွက်နို့အား ကုသနိုင်ပါသလား။

လိင်အင်္ဂါကြွက်နို့သည် သင့်ခန္ဓာကိုယ်ထဲတွင်နေထိုင်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါသည်။ များသောအားဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် လိင်အင်္ဂါကြွက်နို့အား တိုက်ခိုက်သဖြင့် သူ့ဖာသာသူ ပျောက်ကင်းသွားတတ်ပါသည်။ သို့သော် ကြွက်နို့သည် ဗိုင်းရပ်စ်ဖြစ်သည့်အတွက် မည်သည့်အခါမျှ လုံးဝပျောက်ကင်းမသွားပါ။ သင်သည် တစ်ခါတစ်ရံ ကြွက်နို့များရှိနေသည်ကိုတွေ့ရပြီး တစ်ခါတစ်ရံတွင် မရှိတော့သည်ကို တွေ့နိုင်ပါသည်။ သင့်ထံတွင် ဗိုင်းရပ်စ်ပိုး ရှိနေပါက သင်၏ကျန်ရှိသည့် ဘ၀တလျှောက်လုံး သင့်အဖော်ထံ ကူးစက်သွားစေနိုင်ပါသည်။ သို့သော် သင်သည် ဆေးကုသမှုခံယူပါက ဗိုင်းရပ်စ်ပိုးအခြားသူများထံ ကူးစက်သွားနိုင်ခြေ လျှော့နည်းသွားနိုင်ပါသည်။

လိင်အင်္ဂါကြွက်နို့များ ရှိနေသည့်နေရာကို မူတည်ကာကြွက်နို့ပေါ် တိုက်ရိုက်လိမ်းနိုင်သော ဆေးအချို့ရှိပါသည်။ အချို့ဆေးအညွှန်းများသည် အိမ်တွင်ပင်လိမ်းနိုင်ပါသည်။ အချို့ကုသမှုများမှာမူ ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းမှ ဆောင်ရွက်ပေးရပါသည်။ အချို့ကုသမှုများသည် မသက်မသာဖြစ်စေနိုင်ပါသည်။ အချို့မှာမူ ကိုယ်ဝန်ဆောင်စဉ်ပြုလုပ်၍မရပါ။

သင်သည် လိင်အင်္ဂါကြွက်နို့အတွက် ကုသမှုခံယူနေလျှင် အောက်ပါတို့ကိုလုပ်ဆောင်ပါ။

  • ဆေးကုသနေသည့်နေရာကို သန့်သန့်ရှင်းရှင်းထားပါ။
  • ဆေးကုသထားသည့်နေရာကို မကုတ်ပါနှင့်။
  • ကြွက်နို့များကိုကိုင်ပြီးလျှင် လက်ဆေးပါ။
  • သက်တောင့်သက်သာမရှိလျှင် လိင်ဆက်ဆံမှုမပြုပါနှင့်။
  • လိင်ဆက်ဆံလျှင် သင့်အဖော်ထံကြွက်နို့ကူးမသွားစေရန်ကွန်ဒုံးကို အသုံးပြုပါ။
  • မသက်မသာဖြစ်မှုကို သက်သာစေရန်အတွက် ရေခဲကပ်ပါ။ သို့မဟုတ် ပါရာစီတမောသောက်ပါ။

လူအများစုအတွက် ပထမဆုံး လိင်အင်္ဂါကြွက်နို့ကုသမှုတွင်ပင် ကြွက်နို့များကို အောင်မြင်စွာဖယ်ရှားနိုင်ပါသည်။ ကုသလိုက်သောကြောင့် ပျောက်ကင်းသွားသော်လည်း ကြွက်နို့များသည်ပြန်ပေါက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကြွက်နို့ကိုသာကုသလိုက်ခြင်းဖြစ်ပြီး ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းအောင် မကုသနိုင်သောကြောင့် ဖြစ်ပါသည်။