HIV ပိုးကူးစက်ပြီးလက္ခဏာများ နှင့် AIDS ရောဂါလက္ခဏာများ

ကြားကာလ (Window period)

         အိပ်ခ်ျအိုင်ဗွီပိုးသည်လူတစ်ဦး၏ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သောအခါ ၄င်း ခန္ဓာကိုယ်၏ ခုခံအား စနစ်သည် အိပ်ခ်ျအိုင်ဗွီပိုးကို ကြိုးစားတိုက်ထုတ်ပြီး ပဋိပစ္စည်းကို စတင်ထုတ်ပေးသည်။ အိပ်ခ်ျအိုင်ဗွီပိုး ရှိ/မရှိစစ်ဆေးရန် အသုံးပြုသောစစ်ဆေးမှုသည် သွေးထဲတွင်ထိုပဋိပစ္စည်း ရှိ/မရှိကို ရှာဖွေခြင်းဖြစ်သည်။ အများစုတွင် အိပ်ခ်ျအိုင်ဗွီပဋိပစ္စည်းကို အိပ်ခ်ျ်အိုင်ဗွီပိုး စတင်ဝင်ရောက်ပြီး (၄-၆)ပတ်အတွင်း စမ်းသပ်တွေ့ရှိနိုင်သည်။ သို့သော် (၃)လ အထိလည်း ကြာမြင့်တတ်သည်။ ထိုအချိန်ကာလကို ကြားကာလဟု ခေါ်သည်။

ရောဂါလက္ခဏာမပြသေးသောအချိန်

HIVပိုး ခန္ဓာကိုယ်အတွင်းဝင်ရောက်သည့်အချိန်မှစ၍ (၆လ)မှ (၁၀နှစ်)ထိ လူကောင်းတယောက်ကဲ့သို့ လက္ခဏာမပြပဲ ကျန်းမာစွာနေထိုင်နိုင်သည်။ ဤအချိန်တွင် သွေးစစ်ဆေးမှသာ HIV ရှိကြောင်းသိနိုင်မည်။

AIDS (ခုခံအားကျဆင်းမရောဂါလက္ခဏာစု)                      

ဤအဆင့်တွင် ခန္ဓာကိုယ်၏ခုခံအားစနစ် ဆိုးရွားစွာဖျက်ဆီးခံရ သောကြောင့် အခြားရောဂါမျိုးစုံ (ဥပမာ - TB၊ပြင်းထန်နမိုးနီးယား၊ မက်ခရု၊ ဦးဏှောက် အမှေးယောင်စသည်) အခွင့်အရေးယူ ဝင်ရောက်လာပြီး ရောဂါလက္ခဏာများ ဖြစ်လာခြင်းကို  AIDS (ခုခံအားကျဆင်းမှုရောဂါလက္ခဏာစု) ဟုခေါ်သည်။

AIDS (ခုခံအားကျဆင်းမရောဂါ)လကဏာများ

တစ်လထက်ပို၍ ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် သိသိသာသာ လျော့ကျခြင်း၊ အရေပြားတွင် ယားနာအဖုအပိန့်များ မပျောက်ကင်းခြင်း၊ ပါးစပ်တွင်မှက်ခရုထွက်ခြင်း စသည့် လက္ခဏာများ တွေ့ရှိနိုင်သည်။

သို့သော် အထက်ပါလက္ခဏာများရှိသည်နှင့် HIV/AIDS ဟု တထစ်ချ မမှတ်ယူနိုင်ပါ။ HIV ရှိ/မရှိကို သွေးစစ်ဆေးခြင်းဖြင့်သာ သိရှိနိုင်သည်။ ထို့ကြောင့် အထက်ပါလက္ခဏာများရှိသူတွင် ရောဂါကူးစက်ခံရနိုင်သည့် အပြုအမူရှိခဲ့ပါက သွေးစစ်ဆေးနိုင်ရန် တိုက်တွန်းကူညီရမည်။