ကျား၊မရေးရာနှင့်ပတ်သက်သော ခေါက်ရိုးကျိုးနေသည့် ကွဲပြားသော အယူအဆများမှာအဘယ်နည်း။

ကျား၊မရေးရာနှင့်ပတ်သက်သော ခေါက်ရိုးကျိုးနေသည့် ကွဲပြားသော အယူအဆများမှာအဘယ်နည်း။

       ကျား၊မရေးရာနှင့်ပတ်သက်သောခေါက်ရိုးကျိုးနေသည့်အယူအဆ ယေဘူယျအားဖြင့် လေးမျိုး ရှိပါသည်။

  • ပင်ကိုစရိုက်လက္ခဏာများ - ဥပမာ- အမျိုးသမီးများအား ညှိနှိုင်းပြောဆိုရန် လွယ်ကူခြင်း၊ စိတ်ခံစားမှုပြင်းထန်ခြင်း၊ အမျိုးသားများမှာ ချင့်ချိန်စဉ်းစားနိုင်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်း၊ ရဲရင့်ခြင်း၊
  • အိမ်ထောင်စုအတွင်း ပြုမူနေထိုင်မှုများ - ဥပမာ -အမျိုးသမီးများသည် ကလေးထိန်းရမည်၊ ချက်ပြုတ်ရမည်၊ အိမ်သန့်ရှင်းရေး လုပ်ရမည်မိသားစုကိုပြုစုရမည်။ အမျိုးသားများသည် အိမ်ထောင်အတွက်စီးပွားရှာဖွေပြီး မိသားစုစားဝတ်နေရေးအတွက်တာဝန်ယူရမည်။  
  • အလုပ်အကိုင်များ -  အမျိုးသမီးများသည် ကျောင်းဆရာမများ၊ သူနာပြုများနှင့်သာသင့်လျော်သည်။ အမျိုးသားများသည် စစ်မှုထမ်းခြင်း၊  အင်ဂျင်နီယာလုပ်ငန်းများနှင့်သာသင့်လျော်သည်။
  • ပုံပန်းသွင်ပြင် - အမျိုးသမီးများသည် ယဉ်ကျေးသိမ်မွေ့ ရမည်ဟု  မျှော်လင့်ကြပြီး အမျိုးသားများသည် သန်မာ ထွားကျိုင်းရမည်ဟု မျှော်လင့်ကြပါသည်။ (အမျိုးသားများသည်   ဆံပင်အတိုထားပြီး အမျိုးသမီး များမှာမူ  ဆံပင်ရှည်ထားကာ သနပ်ခါးလိမ်းကြသည်။)

ကျား၊မရေးရာနှင့်ပတ်သက်သောခေါက်ရိုးကျိုးနေသည့် ကွဲပြားသော အယူအဆများသည်  လူများအပေါ် မည်သို့ သက်ရောက်နိုင်ပါသနည်း။

        ကျား၊မရေးရာနှင့်ပတ်သက်သောခေါက်ရိုးကျိုးနေသည့်အယူအဆများကြောင့် လူများသည် ၎င်းတို့၏ အယူအဆနှင့် စိတ်ခံစားချက် များအား အပြည့်အ၀ဖော်ပြခွင့်မရကြပါ။ ဥပမာ -

  • အိမ်ထောင်ကို ဦးမဆောင်နိုင်သော အမျိုးသားတစ်ယောက် အတွက် ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်မှုကို ခံရတတ်ပါသည်။
  • အမျိုးသားများနှင့်တန်းတူ စီးပွားရှာနေသော အမျိုးသမီးများ အတွက် အိမ်ထောင်ထိန်းသိမ်းမှုတွင် လစ်ဟင်းမှုကို ပတ်ဝန်းကျင်၏ ပြစ်တင်ဝေဖန်မှုကို ခံရတတ်ပါသည်။
  • အုပ်ချုပ်ရေးပိုင်းဆိုင်ရာရာထူးများတွင် အမျိုးသမီးများ၏ စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှုနည်းပါးပါသည်။

      (သို့ဖြစ်၍ အမျိုးသမီးများအား အခွင့်အရေးမပေးခြင်းကြောင့် အမျိုးသမီးများအနေဖြင့် မိမိကိုယ်မိမိ ယုံကြည်အားနည်း လာပါသည်။)

        ပုံသေသတ်မှတ်ချက်များက သင့်ကို ဖွင့်ဆိုသတ်မှတ် ပိတ်ပင်တားဆီးခြင်းအား မည်သည့်အခါမျှ ခွင့်မပြုပါနှင့်။ သင်သည် ကမ္ဘာကြီးကသင့်ကို ရှုမြင်ထားသည်ထက် များစွာ ပိုမို စွမ်းဆောင်နိုင်ပါသည်။ သင်၏ အတွင်း သဏ္ဍာန်တွင် ကမ္ဘာကြီးမှ အလွန်အမင်း လိုအပ်နေသည့် အရာများမှာ ပြည့်နှက်စွာ ရှိနေသော်လည်း ကမ္ဘာကြီးက မြင်တွေ့ခြင်း မရှိသေးပါ။သို့ပါသောကြောင့် ယခုပင် နိုးထကာ သင့်တွင်ရှိသမျှ အစွမ်းအစများကို ထုတ်ပြလိုက်ပါ။ မည်သူ့ကိုမျှ ဟန်ဆောင်မျက်နှာဖုံးတပ်ထားဖို့ အတင်းအကြပ် မပြုလုပ်သင့်ပါ။

      ထိုသို့ ပိတ်ပင်တားဆီးခြင်း ခံရသူများအတွက် တရားမျှတမှု မရှိသည်သာမက အခြားသူများ၏ တွေးထင်ယူဆချက်များကြောင့် ထိုသူများ ပိုင်ဆိုင်ထားသည့် အရေးကြီးသော အရည်အသွေးများကို ဖွင့်ထုတ်နိုင်ခြင်း မရှိလျှင် လူ့အဖွဲ့အစည်းသည်လည်း နောက်ဆုံးတွင် နစ်နာဆုံးရှုံးရမည်သာ ဖြစ်ပါသည်။