သမီးရည်းစားတွေ အန္တရာယ်ကင်းကင်းနဲ့ ချစ်နိုင်ပါသလား?

ယနေ့တွင် လူငယ်တော်တော်များများဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွင်နေထိုင်နေသည်နှင့် အမျှ တိုးတက်ပြောင်းလဲလာသောနည်းပညာများတွင်တစ်ခုအပါအဝင်ဖြစ်သောsocial media များအသုံးပြုလေ့ရှိပါတယ်။

ထိုမှတဆင့်လမ်းလွဲရောက်ရှိပြီး အချစ်၏သားကောင်များဖြစ်ကြရပါတယ်။ ယခုဆိုလျှင် မိမိတို့ပတ်ဝန်းကျင်တွင် မကြာခဏ ကြားနေ မြင်နေရသောအကြောင်းအရာများသည် သမီးရည်းစားအတွဲများကြားမှာ သစ္စာမရှိမှုတစ်နည်းပြောရရင် ဖောက်ပြန်မှုဆိုသော အကြောင်းအရာများ ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် သတ်သေခြင်း၊ လူသတ်မှု နှင့် လူသေမှုများအထိအဖြစ်များလာကြတယ်။ ထိုအချင်းအရာတွေကို ကြည့်ခြင်းအားဖြင့် ချစ်သူသမီးရည်းစားများကြားမှာ အန္တာရာယ်ကင်းသောပတ်သက်ဆက်နွယ်မှု များနည်းပါးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

ပြဿနာ ဖြစ်စေသောအကြောင်းအရင်းခံများ

  • မြန်မာနိုင်ငံ၏ ယခုလက်ရှိမျိုးဆက်သည် Media ၏လွှမ်းမိုးမှုကိုအခံရဆုံးဖြစ်တယ်။ ဥပမာ - ရုပ်ရှင်ကားတစ်ကားကြည့်ကြသည်ဆိုပါစို့ လူငယ်တော်တော်များများသည် ထိုရုပ်ရှင်ထဲတွင် အတုယူစရာကောင်းသောအချက်များကိုရရှိခြင်းရယူခြင်းမရှိဘဲဝတ်စားဆင်ယင်ပုံများ၊ အသုံးအဆောင်များနှင့်ထိုရုပ်ရှင်ထဲတွင်ပါဝင်သောဇာတ်ကောင်များ၏အစွန်းရောက်သော အကျင့်စရိုက်များ နေထိုင်မှုပုံစံများကိုလွဲမှားစွာအတုယူကြသည်က များကြပါတယ်။
  • ထို့အပြင် facebook၊ youtube အစရှိသော social media များကို ၎င်းနည်းတူလွဲမှားစွာအသုံးပြုကြပါတယ်။ ယခုဆိုလျှင် လူမှုကွန်ယက် နှင့် သတင်းမီဒီယာ ဝက်ဘ်ဆိုက်များ၌ ချစ်သူသမီးရည်းစားများကြားတွင် စိတ်အခန့်မသင့်၍သော်လည်းကောင်း၊ ဒေါသထွက်၍သော်လည်းကောင်း နောက်ဆုံးစိတ်ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ နာကြည်း၍ချစ်သူရည်းစားကို သတ်ခြင်း၊ အသတ်ခံရခြင်းနှင့် ခိုက်ရန်ဒေါသဖြစ်ခြင်းမှ နောက်ဆုံးလက်လွန်ပြီး လူသေမှုများ ဆိုသောသတင်းများ များပြားလာသည်။
  • ထို့ကြောင့် မိမိနှင့် မိမိချစ်သူတို့ကြားတွင် အန္တာရာယ်ကင်းသောပတ်သက်ဆက်နွယ်မှုမျိုး(safe relationship)ရှိဖို့လိုအပ်ပါတယ်။ 

အန္တာရာယ်ကင်းသောပတ်သက်ဆက်နွယ်မှု 

  • အန္တရာယ်ကင်းသော ပတ်သက်ဆက်နွယ်မှုမျိုးရှိဖို့ရာချစ်သူရွေးချယ်ရာတွင် မှန်ကန်သောရွေးချယ်မှုရှိရန်မှာ ကနဦးအစလိုအပ်ချက်ပါ။
  • ယနေ့ခေတ်လူငယ်အများစုက ချစ်သူရွေးချယ်ရာတွင် ထမင်းစားရေသောက်သဘောသာသာချစ်သူရွေးချယ်လေ့ရှိကြပြီးထိုရွေးချယ်မှုကပင်မှားယွင်းမှု၏အစဖြစ်လာပါတယ်။
  • မိမိရွေးချယ်မည့်သူ၏ နောက်ကြောင်း၊ စိတ်နေစိတ်ထား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ ခံယူချက် စသည့်တို့ကို လေ့လာခြင်းမျိုးမရှိဘဲ ခံစားချက်တစ်ခုကိုသာရှေ့တန်းတင်၍အလျှင်အမြန် ဆုံးဖြတ်တတ်ကြပါတယ်။
  • ချစ်သူအဖြစ်ရှိနေကြသောသူများသည်လည်း အချစ်ကိုဘယ်လိုတည်မြဲအောင် ထိန်းသိမ်းမလဲ (Link to Love, Emotional Bank Account) ဆိုတာကို မစဉ်းစားကြပါဘူး။

ချစ်သူရည်းစားအကြားပြဿနာဖြစ်စေသော အခြေခံအချက်များ

  • မိမိအပေါ်ချုပ်ချယ်လွန်းခြင်း
  • ကိုယ်ရေးကိုယ်တာများအားဝင်ရောက်စွက်ဖက်ခြင်း (Bank Account, Facebook &Gmail Password, Diary Book အစရှိသော…)
  • မိမိအားမိမိနှင့် သူ၏ပတ်ဝန်းကျင်(သူစိမ်း၊ သူငယ်ချင်း၊ မိသားစုအသိုင်းအဝိုင်း) ရှေ့တွင် အရှက်ရသောအပြုအမူများပြုလုပ်စေခြင်း၊ အရှက်ရစေခြင်း
  • ကိုယ်ထိလက်ရောက် စော်ကားခြင်း
  • မိမိကြောင့် ထိခိုက်နစ်နာရသည် ဆိုတာမျိုးကိုအခါခါပြောလာခြင်း
  • သူတောင်းဆိုသောအရာများကိုမိမိမှ မလိုက်လျောလျှင်သူကိုယ်သူ တစ်ခုခုလုပ်လိုက်မယ်ဟုပြောဆိုလာခြင်း စသဖြင့်….

      အထက်ဖော်ပြပါအချက်များသည် အန္တရာယ်ရှိသော ဆက်နွယ်မှုသို့ရောက်ရှိလာနိုင်သော အနေအထား အချို့ပင်ဖြစ်သည်။ ထိုအနေအထားမျိုးတွင်ကြုံတွေ့နေပြီ (သို့မဟုတ်) ရောက်ရှိလာနိုင်သည်ဟု မိမိကိုယ်ကို ယူဆလျှင် ထိုပြဿနာကိုတစ်ယောက်တည်းကျိတ်ပြီး မဖြေရှင်းသင့်ပါ။ မိမိယုံကြည်ရသော (သို့) မိမိအား နားလည်ပေးနိုင်မည့်သူတစ်ဦးဦးအား (မိသားစုဝင်၊ ဆွေမျိုးသားချင်း၊ အထက်အရာရှိ၊…) အကြောင်းစုံ ဖွင့်ပြော၍ ဆွေးနွေးတိုင်ပင်ရန် လိုအပ်ပါ သည်။