Sex Myths လိင်မှုကိစ္စနှင့်ဆိုင်သော လွဲမှားသည့် ယူဆချက်များပတ်သက်သည့်မေးခွန်းများ

Q .လိင်တစ်ကြိမ် ဆက်ဆံရုံမျှဖြင့် ကိုယ်ဝန်နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ရရှိနိုင်ပါသလား။

A. ရနိုင်ပါသည်။

လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို မည်သည့်အခါ၌မဆို မိန်းမကိုယ် နှင့် လိင်ဆက်ဆံခြင်း (မိန်းမကိုယ်အတွင်း လိင်တံ ထည့်သွင်း၍ လိင်ဆက်ဆံခြင်း) ရှိပါက ရရှိနိုင်သည်။ ပထမ အကြိမ် ဖြစ်စေ၊ အကြိမ် ၁၀၀မြောက်ဖြစ်စေ၊ သန္ဓေတားနည်းလမ်း မသုံးပါက ကိုယ်ဝန် ရနိုင်သည်။ ရာသီစတင်မပေါ် သေးသူများ၌ပင် ကိုယ်ဝန်ရနိုင်သည်။

မိန်းမကိုယ် နှင့် လိင်ဆက်ဆံမည်ဆိုပါက ကိုယ်ဝန် မရရန် သန္ဓေတား နည်းလမ်း သုံးပါ။ မိန်းမကိုယ် သို့မဟုတ် စအိုနှင့် လိင်ဆက်ဆံမည်ဆိုပါက ကွန်ဒုံး အမြဲ သုံးပါ။ 

Q. လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို တစ်ကြိမ် ရပြီးပါက နောက်ထပ် မရနိုင်တော့ဘူးဆိုတာဟုတ်ပါသလား။

A. မဟုတ်ပါ။

လိင်မှတစ်ဆင့် ကူးစက်ရောဂါများစွာကို ပဋိဇီဝဆေး များဖြင့် ကုသပျောက်ကင်းနိုင်သည်။ သို့သော် ကုသပြီး သော်လည်း နောက် ထပ်မံ ရရှိနိုင်သည်။ ထို့ကြောင့် သင် လိင်မှတစ်ဆင့် ကူးစက်ရောဂါကို သင်ကိုယ်တိုင်ကုသပျောက်ကင်းပြီးပါက သင့်အဖေါ်ကို လည်း ကုသရန် လိုသည်။ မကုလျှင် ၄င်းနှင့် ထပ်မံ လိင်ဆက်ဆံ ပါက ပြန်လည်ကူးစက်ပေမည်။ သင် အကာအကွယ်မဲ့ လိင်ဆက်ဆံပါက သို့မဟုတ် အဖေါ်အသစ် တစ်ဦးနှင့် လိင်ဆက်ဆံပါက  နောက်ထပ်ဆက်လက် စစ်ဆေးသင့်သည်။ 

Q. ရာသီလာနေစဉ် လိင်ဆက်ဆံပါကကိုယ်ဝန်ရနိုင်ပါသလား။

A. အများအားဖြင့် မရတတ်ပါ။ ရာသီလာရက်အလွန်ရှည်ပြီး သားဥကြွေရက်နှင့် ကပ်သွားပါက ရနိုင်ခြေရှိ ပါသည်။ 

Q. ဆေးဖက်ဝင် အရွက်အသီးများ၏ အရည်ကို သောက်ခြင်းဖြင့် ကိုယ်ဝန် နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို ကာကွယ်နိုင်ပါသလား။

A. မကာကွယ်နိုင်ပါ။ တချို့သောအရွက်နှင့်အပင်များဖြင့်ပြုလုပ်ထားသော အရည်ကို သောက်ခြင်းဖြင့် ကိုယ်ဝန် နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများကို မကာကွယ်နိုင်ပါ။ ထိုသို့သောက်သုံးခြင်းအားဖြင့် ဆိုးဝါးသောထိခိုက်မှုကို ဖြစ်စေနိုင်သည်။

Q. အပျိုစင်နှင့် လိင်ဆက်ဆံခြင်းဖြင့် HIV/AIDS ရောဂါကို ကုသနိုင်ပါသလား။

A. HIV/AIDS ရောဂါကို ကုသနိုင်ခြင်း မရှိပါ။ ဗိုင်းရပ်စ်ပိုး အရေ အတွက် ကို လျော့ချနိုင်သော ၊ ရောဂါ ပိုဆိုးမလာအောင် လုပ်ပေးသော ဆေးဝါးများ ရှိပါသည်။ အပျိုစင်နှင့် လိင်ဆက်ဆံခြင်းဖြင့် အပျိုစင်သို့ သာရောဂါကူးစက်သွားနိုင်ပါသည်။ 

Q. အမျိုးသမီးတစ်ဦး ရာသီလာနေပါက လိင်ဆက်ဆံခြင်း ပြုသင့်ပါသလား။

A. တစ်လအတွင်း မည်သည့်အချိန်၌မဆို လိင်ဆက်ဆံ နိုင်ပါသည်။ သို့သော် ကွန်ဒုံးနှင့် နှစ်သက်ရာ သန္ဓေတားနည်း လမ်းသုံးရန် သတိရပါ။ ရာသီသွေးဆင်းနေပါက အိပ်ယာ မပေစေရန် အခင်းသုံးပါ။

Q. စအိုနှင့် လိင်ဆက်ဆံခြင်းသည် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ကိုရနိုင်ခြေနည်းပါသလား။

A. အမှန်မှာ စအိုနှင့် လိင်ဆက်ဆံခြင်းသည် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ရနိုင်ခြေ ပိုများသည်။ အဘယ်ကြောင့်ဆိုသော စအို၏ အတွင်းသားသည် ပို၍ ပါးလွှာပြီး ရောဂါဝင်ရောက်လွယ်သည်။ ကွန်ဒုံးနှင့် ချောဆီကို အမြဲသုံးပါ။

Q. အမျိုးသားများသည် အမျိုးသမီးများထက် လိင်မှုဆိုင်ရာ ဆန္ဒ ပိုများပါသလား။

A. သိပ္ပံပညာရှင်များ၏ အဆိုအရ အမျိုးသားများနှင့် အမျိုးသမီးများမှာ ပျမ်းမျှအားဖြင့် လိင်မှုဆိုင်ရာဆန္ဒ အတူတူခန့်ပင်ဖြစ်သည်။ မည်သည့်အချိန်တွင် လိင်ဆက်ဆံလိုသည်၊ ဘယ်နှစ်ကြိမ်၊ မည်သူနှင့် စသည်တို့မှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ။

အချို့လူများသည် အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံလိုကြ ၍ အချို့မှာ အသက်ပိုကြီးမှသာ ဆက်ဆံလိုသည်။ ထို့အတူ အချို့မိန်းကလေးများမှာ အသက်ငယ်ရွယ်စဉ် လိင်ဆက်ဆံလိုကြ၍ အချို့မှာ အသက်ပိုကြီးမှသာ ဆက်ဆံလိုသည်။ အချို့က များများ ဆက်ဆံလို၍ အချို့ နည်းနည်းသာ ဆက်ဆံလိုသည်။ သို့သော် ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ မဂ္ဂဇင်း နှင့် အသိုက်အဝန်း တို့က အများအားဖြင့် ကျွန်ုပ်တို့ မည်သို့ဖြစ်သင့်သည်၊ မည်သည့် အချိန်တွင် လိင်ဆက်ဆံသင့်သည်ဟု  အတွေးအခေါ်အမှားများ ပေးတတ်ကြသည်။

ထို့ကြောင့် လက်တွေ့ကျကျ စဉ်းစားပါစို့။ သင်ကိုယ်သင် သာ မှန်ထဲတွင် ကြည့်ရမည့်သူဖြစ်သည်။ လိင်ဆက်ဆံရန်  အဆင်သင့် ဖြစ်မဖြစ် နှင့် နောက်ဆက်တွဲ ဖြစ်နိုင်ခြေများကို သင်ဘာသာ သင်သာ စဉ်းစားရမည့်သူဖြစ်သည်။