အမျိုးသမီး - အမျိုးသား - သားကြောဖြတ်ခြင်း

အမျိုးသမီးသားကြောဖြတ်ခြင်း

  • သားဥပြွန်များကို ဖြတ်တောက်ခြင်း (သို့မဟုတ်) ချည်နှောင်ခြင်း ဖြစ်သည်။ အသေးစား ခွဲစိတ်မှုဖြစ်သည်။
  • ရာသက်ပန်သားဆက်ခြားနည်းဖြစ်ပြီး ကလေးပြန်ရစေရန် ပြန်လည်ပြုပြင်၍ မရသောကြောင့် သားကြော မဖြတ်ခင် အိမ်ထောင်ဖက်နှစ်ဦးက သေချာစွာစဉ်းစားဆုံး ဖြတ်ရန်လိုပါသည်။
  • သားဆက်များသောသူများ၊ သားသမီး လုံးဝမယူလိုသူများ၊ သားသမီးယူရန်မသင့်တော်သူများသည် သားကြောဖြတ် စိစစ်ရေးဘုတ်အဖွဲ့သို့ လျှောက်လွှာတင်ပြီး ခွင့်ပြုသည့် အမျိုးသမီးများသာ ဖြတ်ခွင့်ရှိသည်။

ကောင်းကျိုးများ

  • ရာသက်ပန် သားဆက်ခြားနည်းလမ်းဖြစ်သည်။
  • ရေရှည်အတွက် ကုန်ကျစရိတ်နည်းသည်။
  • လိင်ဆက်ဆံမှုကိုမထိခိုက်ပါ။
  • ၉၉.၅% ထိရောက်သည်။

မကောင်းကျိုးများ

  • ရာသက်ပန်နည်းဖြစ်သော်လည်း အမျိုးသမီး ၁၀၀၀ - တစ်နှစ်တွင် ၅ ဦးခန့်ကိုယ်ဝန်ပြန်ရနိုင်သည်။ 
  • ခွဲစိတ်ခြင်းနှင့် နှီးနွယ်သော နောက်ဆက်တွဲ ပြဿနာများနှင့် သားဥပြွန် သန္ဓေတည်ခြင်းတို့ ဖြစ်တတ်သော်လည်း အလွန်ဖြစ်ခဲပါသည်။

အမျိုးသား သားကြောဖြတ်ခြင်း

  • အမျိုးသား သားကြောဖြတ်ခြင်း ဆိုသည်မှာ သုတ်ရည် နှင့် သုတ်ပိုးများကို သယ်ဆောင်သည့် သုတ်ပို့ပြွန်ကို ချည်နှောင်ဖြတ်တောက်ခြင်း ဖြစ်သည်။
  • အမျိုးသမီးသည် သားကြောဖြတ်ခွဲစိတ်ရန် ကျန်းမာရေးအရ မသင့်လျော်ပါက အမျိုးသားကို သားကြောဖြတ်နိုင်သည်။ ၄င်းအခြေအနေမှလွဲ၍ အမျိုးသားအား သားကြောဖြတ်ခြင်းကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ခွင့် မရှိပါ။
  • ကလေးပြန်ရနိုင်သောအခြေအနေ ရှိနိုင်သော်လည်း ဖြစ်နိုင်ခြေ နည်းပါသည်။

ကောင်းကျိုးများ

  • ရာသက်ပန် သားဆက်ခြားနည်းလမ်း ဖြစ်သည်။
  • ရိုးရှင်း၍ အမျိုးသမီးသားကြောဖြတ်ခြင်းထက် ကုန်ကျစရိတ် ပိုနည်းသည်။

မကောင်းကျိုးများ

  • ကလေးပြန်လိုချင်လျှင် ပြန်ဆက်၍ မရပါ။
  • ခွဲစိတ်ခြင်းနှင့် နှီးနွယ်သော နောက်ဆက်တွဲ ပြဿနာများ ရှိနိုင်သည်။