လေးနက်စွာ ဆန်းစစ်ခြင်း၊ ဆက်သွယ်ခြင်း။
မိဘနှင့်ဆယ်ကျော်သက်အရွယ် သားသမီးများအကြားဆက်ဆံရေးဟာ ပြေပြစ်ဖို့ မဖြစ်နိုင်ဟု ထင်ရသော်လည်း နှစ်ဦးနှစ်ဖက်စလုံးကသာ အပြန်အလှန်နားလည်မှုရှိပြီး ကြိုးစားကြမယ်ဆိုလျှင် ပြေပြစ် တဲ့ ဆက်ဆံရေးကို ရရှိနိုင်ပါတယ်။ ထိုသို့ဆက်ဆံရေး ပြေပြစ်စေဖို့ မိဘများအနေနဲ့ ဆယ်ကျော်သက် အရွယ် သားသမီးများရဲ့ ကိစ္စရပ်များအပေါ် စိတ်ဝင်စားမှုကို ပြနိုင်ပါတယ်။ ဒါပေမယ့် စပ်စုတဲ့ပုံစံမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။၎င်းတို့ရဲ့ သူငယ်ချင်းများနဲ့ ပတ်သက်ပြီး အဆိုးမြင်ခြင်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပြီး စကားပြောပါ။ နေရာထိုင်ခင်းပေးခြင်း၊ အစားအစာများနှင့် ဧည့်ခံခြင်းဖြင့် သားသမီးများကို မိမိတို့ရဲ့ မျက်စိအောက်တွင် စောင့်ရှောက်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် သားသမီး များရဲ့ ကိုယ်ပိုင်ကိစ္စရပ်တွေကို လေးစားမှုပေးသင့်ပါတယ်။ ၎င်းတို့ရဲ့ စာများကိုဖွင့်ပြီး စစ်ဆေးတာ၊ တယ်လီဖုန်းပြောတာကို ဖြတ်တောက်တာ၊ ၎င်းတို့ရဲ့ အခန်းတွင်း ဝင်ရောက်စစ်ဆေးတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သို့သော် ဆယ်ကျော်သက်အရွယ် သားသမီးများ ဘာလုပ်သည်၊ ဘယ်သွားသည် ကိုမူ သိရှိထားရန် ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြီးမှသာ လိုအပ်သလို ထိန်းကျောင်းပေးသင့်ပါတယ်။ မိဘတွေက အတင်းအကြပ် ခိုင်းစေခြင်းမျိုး မလုပ်သင့်ပါ။ ဆယ်ကျော်သက်အရွယ် သားသမီးများရဲ့ ရင်တွင်းခံစားချက်များကို နားထောင်ပေးပါ။ သူတို့ရဲ့ အယူအဆများကို လေးစားပေးပါ။ ဆွေးနွေးစကား ပြောရန်အချိန်ပေးပါ။ မိဘနှင့်သားသမီးတို့အကြား အချေအတင် ဆွေးနွေးရန်ရှိလျှင် နှစ်ဦးနှစ်ဖက် သင့်လျော်သောအချိန်ကို ရွေးပါ။ ညှိနှိုင်းအဖြေရှာနိုင်ဖို့ ကြိုးစားပါ။
မိဘများနေရာမှ နားလည်ခံစားပေးနိုင်ဖို့ ကြိုးစားပါ။ မိဘများရဲ့ စည်းကမ်းဘောင်များ၊ သတ်မှတ် ချက်များ၊ ထိန်းကျောင်းကွပ်ကဲမှုများဟာ မိဘများအတွက်မဟုတ်ဘဲ မိမိတို့ရဲ့ ရှေ့ရေးအတွက် ရည်ရွယ် ပြုလုပ်ရခြင်းဖြစ်ကြောင်း နားလည်ရန် လိုအပ်ပါတယ်။ မိဘများရဲ့ တားမြစ်ချက်များဟာ အဓိပ္ပါယ်မဲ့ မဟုတ်ဘဲ မဖြစ်သင့်မဖြစ်ထိုက်သော ကိစ္စရပ်များ၊ ဆိုးကျိုးများ၊ အန္တရာယ်များကို ကြိုတင်တွက်ဆကာ တားမြစ်ရခြင်းဖြစ်ကြောင်း သိရှိထားဖို့ အရေးကြီးပါတယ်။